Nations Bible

Psalms 89

Common Language Bible · Tap a verse to see its cross-references.

နိုင်​ငံ​ဘေး​နှင့်​တွေ့​ကြုံ​ချိန်​သီ​ဆို​သည့်​သီ​ချင်း

1အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော

မေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။

အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

2ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍

သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

3ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။

ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။

သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟု

ငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။

5ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော

အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။

6အို ထာ​ဝ​ရ​ဘု​ရား၊

ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။

အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။

7ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။

သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။

8အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊

ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။

9ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍

ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။

10ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။

တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။

11ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။

12ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။

တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည်

ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။

13ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။

ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။

14ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။

ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော

အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။

15သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊

ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင်

ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။

16သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့်

သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။

17ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။

မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။

18အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။

ဒါ​ဝိဒ်​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​က​တိ​တော်

19လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။

လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။

20ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။

21သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။

22သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။

23ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။

သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။

24ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။

သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။

25ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။

26သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည်

ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊

ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။

27ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။

28ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။

ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။

29သူ​၏​တိုင်း​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​ကဲ့​သို့ တည်​မြဲ​လိမ့်​မည်။

သူ​၏​သား​မြေး​များ​သည်​အ​ခါ​ခပ်​သိမ်း​ဘု​ရင် ဖြစ်​ကြ​လိမ့်​မည်။

30``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည်

ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊

31ငါ​၏​ညွှန်​ကြား​ချက်​များ​ကို​လျစ်​လူ​ရှု​၍

ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​မ​ထိန်း​လျှင် သော်​လည်း​ကောင်း

32ငါ​သည်​သူ​တို့​ပြု​သည့်​ဒု​စ​ရိုက်​များ​အ​တွက် အ​ပြစ်​ပေး​မည်။

သူ​တို့​၏​အ​မှား​များ​အ​တွက်​ဒဏ်​ခတ်​မည်။

33သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။

သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။

34ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။

သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။

35``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍

သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။

36ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။

နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။

37သူ​၏​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​တွင်​တည်​မြဲ​သော သက်​သေ​ဖြစ်​သည့်​လ​ကဲ့​သို့

အ​စဉ်​အ​မြဲ​တည်​လျက်​နေ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

မင်း​ကြီး​အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း

38သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်

မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။

39ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။

သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။

40သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။

41သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။

အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။

42ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။

သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။

43ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။

44ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍

သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။

45ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

လွတ်​မြောက်​ရန်​ဆု​တောင်း​ပတ္ထ​နာ

46အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။

ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှ

ကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။

47ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော

ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

48အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။

လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင်

သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။

49အို ဘု​ရား​သ​ခင်၊

ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။

ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။

50ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊

ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကို

အ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။

51အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို

ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။

သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။

52ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။

အာ​မင်၊ အာ​မင်။

Artistic illustration — an interpretation, not a historical record.

Did you know?

God's Covenant with David and the Broken Crown

  • Attributed to Ethan the Ezrahite, Psalm 89 recalls God's enduring covenant promising to establish King David's throne forever, while also voicing a lament over the later defeat of the Davidic ruler and the destruction of his strongholds.Sources: David · the Bible text itself
  • The name Rahab in verse 10 is a poetic term meaning insolence or pride, used in biblical poetry to represent the proud empire of Egypt.Sources: Rahab · the Bible text itself
  • Verse 12 poetically pairs Mount Tabor, a prominent cone-shaped peak west of the Sea of Galilee, with Mount Hermon, the towering range on the northern boundary of Palestine, as emblems of the natural world rejoicing in God's creation.Sources: Tabor (Mountain) · Hermon · the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Mount Hermon · 33.400, 35.850 · verse 12
  • Mount Tabor · Today: Jebel et Tur · 32.686, 35.393 · verse 12

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.