Psalms 33
Common Language Bible · Tap a verse to see its cross-references.
ထောမနာသီချင်း
1အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည်
ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
2စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
3ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။
သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
4ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။
ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
5ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။
ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
6ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊
နှုတ်တော်ထွက်စကားအားဖြင့်
နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
7ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။
နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
8ကမ္ဘာမြေကြီးသားအပေါင်းတို့၊ထာဝရ ဘုရားအား ရိုသေကိုင်းရှိုင်းကြလော့။
ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြလော့။
9ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။
ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
10ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။
သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
11သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။
ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။
12ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။
ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့်
ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
13ထာဝရဘုရားသည်ကောင်းကင်ဘုံမှ ငုံ့၍ကြည့်တော်မူရာ၊
လူသားအပေါင်းကိုမြင်တော်မူ၏။
14ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍
ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
15ကိုယ်တော်သည်သူတို့၏စိတ်နှလုံးများကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသဖြင့်
သူတို့ကြံစည်ပြုကျင့်သမျှသော အမှုအရာများကိုသိတော်မူ၏။
16ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော
စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။
စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
17စစ်မြင်းတို့သည်အောင်ပွဲရမှုအတွက်အသုံးမဝင်။ သူတို့၏ကြီးမားသောခွန်အားကမကယ်နိုင်။
18ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊
ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
19ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။
အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။
20ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။
ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
21ငါတို့သည်ကိုယ်တော်ကြောင့်ရွှင်လန်း ဝမ်းမြောက်ကြရ၏။
ငါတို့သည်သန့်ရှင်းမြင့်မြတ်တော်မူသော နာမတော်ကိုကိုးစားကြ၏။
22အို ထာဝရဘုရား၊
ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ စောင့်မျှော်သည်ဖြစ်၍
ကျွန်တော်မျိုးတို့အားခိုင်မြဲသောမေတ္တာ တော်ကို ခံစားစေတော်မူပါ။

Did you know?
Praise to the Creator and Sovereign Lord
- The psalm explicitly calls for worship accompanied by stringed instruments, including the harp and a ten-stringed instrument, blending vocal song with skillful musical accompaniment.Sources: the Bible text itself
- Creation is described as occurring entirely through the spoken word and breath of the Lord, bringing the heavens, stars, and seas into existence without physical exertion.Sources: the Bible text itself
- The text contrasts divine protection with ancient military power, observing that neither vast armies, physical might, nor warhorses can guarantee deliverance or victory.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org